❄ငါးသုံးကောင်❄
۞လုံးလမထူ၊ ဉာဏ်မကူဘဲ
အယူတစ်ချောင်း၊ ကံတစ်ကြောင်းမျှ
မကောင်းလည်းကံ၊ ကောင်းလည်းကံဟု
ကံကိုချည်းသာ၊ မကိုးရာဘူး
ပညာဉာဏ်ဖြင့်၊ သင့်-မသင့်ကို
အခွင့်ရှု၍၊ အပြုလုံးလ
ရှိအပ်စွတည်း။۞
۞တံငါ့လက်တွင်း၊ ရောက်လျှင်းတုံငြား
သုံးကောင်ငါးကို၊ မှတ်သားဝမ်းထဲ
နည်းယူစွဲလော့၊ ကံမွဲ ဉာဏ်နုံ့
မလုံ့-မလ၊ နတ်မ မဘူး။۞
တရံသောအခါ တံငါသည်တစ်ဦးသည် ငါးသုံးကောင်ကို လှေပေါ်တွင်တင်ပြီးယူဆောင်လာ၏။ ထိုတွင် ငါးတစ်ကောင်မှာ လုံးလဝီရိယကို ယုံကြည်၏။ လုံးလဝီရိယရှိလျှင် ဘယ်အမှုကိစ္စမဆို ပြီးစီးအောင်မြင်ရမည်ဟုယုံကြည်၏။ သို့ကြောင့် သူသည် တံငါသည်၏လှေထက်မှ ဆင်းသက်ရန် ကြိုးစားလေရာ တံငါသည်က လှော်တက်ဖြင့် သူ့ကို ရိုက်သက်ပစ်လိုက်၏။
ဒုတိယငါးတစ်ကောင်ကား ကံ,ဉာဏ်,ဝီရိယ သုံးပါးကို ယုံကြည်၏။ ကံလည်းရှိမှ ဉာဏ်လည်းရှိမှ ထကြွလုံးလဝီရိယလည်းရှိမှ အောင်မြင်မည်ဟု ယုံကြည်၏။ သို့ကြောင့် သူသည် ယင်းသုံးပါးကို မျှော်လင့်နေ၏။ အကွေ့တစ်ခုတွင် ကံအားလျှော်စွာ လှေသည် စောင်းသွားလေရာ ဉာဏ်ဖြင့် စောင်းသည့်ဘက်သို့ အသာလှိမ့်သွားပြီး လုံးလစိုက်၍ ခုန်လိုက်ရာ လှေအောက်သို့ရောက်ကာ လွတ်မြောက်သွား၏။
တတိယငါးကား ကံကိုသာ ယုံကြည်၏။ မည်သည့်အရာမဆို ကံအတိုင်းဖြစ်ရမည်ဟု ဖန်လာမည့် ကံကြမ္မာကိုသာ စောင့်မျှော်နေ၏။ တံငါသည်လည်း ဒုတိယငါး လွတ်မြောက်သွားသောအခါ ယင်းသို့မဖြစ်စေရန် ဤတတိယငါးကိုလည်း လှော်တက်ဖြင့် ပုတ်ခတ်သတ်ဖြတ်ထား၏။ သို့ဖြင့် လုံးလိဝီရိယကိုသာ ယုံကြည်သောငါးနှင့် ကံကိုသာယုံကြည်သော ငါးနှစ်ကောင်မှာ ပျက်စီးရ၏။ ကံ,ဉာဏ်,ဝီရိယ သုံးပါးကို ယုံကြည်သော ငါးသာလျှင် လွတ်မြောက်ချမ်းသာရ ဟူသတတ်။


No comments:
Post a Comment