۞မဟာသီလဝ၊ လောင်းနာဂကို
ခဏ ခဏ၊ တောင်းလေရတိုင်း
ဇီဝချွေဖြုတ်၊ စွယ်ရင်းထုတ်ပြီး
ထွင်းနှုတ်ယူထွေ၊ သက်မသေခင်
ဤမြေမျိုခွဲ၊ ဝီစိထဲသို့
ငရဲစိုက်စိုက်၊ ဝင်လေဆိုက်သည့်
လူမိုက်ယောက်ျား၊ မုဆိုးသားတို့
တရားမမျှော်၊ ရတိုင်းကော်၍
ကိုယ်သော်မျက်မှောက်၊ တို၍ပျောက်အောင်
ပြစ်ရောက်ခန္ဓာ၊ ပျက်စီးစွာ၏။۞
ထိုအခါ ဗာရာဏသီပြည်မှ မုဆိုးတစ်ယောက်သည် တောအတွင်း၌ မျက်စိလည်သည်ဖြစ်၍ သေဘေးမှကြောက်သောကြောင့် လက်နှစ်ဖက်တို့ကို မြှောက်ကာ ငိုကြွေးလျက် သွား၏။ ဘုရားလောင်းဆင်မင်းတွေ့မြင်လျှင် “အိုယောက်ျား၊ သင်သည် အဘယ့်ကြောင့် ငိုကြွေးလျက် သွားသနည်း”ဟု မေး၏။
“အရှင်၊ အရပ်မျက်နှာတို့ကို မမှတ်နိုင်ရကား မျက်စိလည်၍ ဖြစ်ပါသည်”ဟု ဆို၏။
ထိုအခါ ဆင်မင်းသည် မုဆိုးကို မိမိနေရာအရပ်သို့ဆောင်၍ နှစ်ရက်သုံးရက် သစ်သီးကြီးငယ်တို့ဖြင့်ရောင်ရဲစေ၍ “အိုယောက်ျား၊ မကြောက်လင့်။ ငါသည် သင့်ကို လူတို့လမ်းခရီးသို့ ဆောင်အံ့”ဟု မိမိကျောက်ကုန်း၌ နေစေပြီး လူတို့လမ်းခရီးသို့ ပို့လိုက်၏။
မုဆိုးသည် ဗာရာဏသီသို့ရောက်၍ လှည့်လည်သည်ရှိသော် ဆင်စွယ်ပွတ်သမားတို့၏ အရပ်လမ်းသို့ရောက်၍ ဆင်စွယ်ပွတ်သမားတို့ကို တွေ့သောအခါ “အချင်းတို့၊ အသက်ရှင်သော ဆင်စွယ်ကို ရသော် ယူကြမည်လော”ဟု မေး၏။
“အချင်းယောက်ျား အသို့နည်း။ အသက်ရှင်သော ဆင်စွယ်မည်သည်ကား အဖိုးများစွာ ထိုက်၏”ဟု ဆိုကြ၏။
“ထိုသို့ တပြီးကား ငါသည် သင်တို့ကို အသက်ရှင်သော ဆင်စွယ်ကို ဆောင်အံ့”ဟု ဆိုပြီးလျှင် ရိက္ခာတို့ကိုယူ၍ ဘုရားလောင်းဆင်မင်း၏ နေရာအရပ်သို့ သွား၏။
ဘုရားလောင်းသည် မုဆိုးကို မြင်၍ “အဘယ်အတွက် လာသနည်း”ဟု မေး၏။
“အရှင်၊ အကျွန်ုပ်သည် ဆင်းရဲ၏၊ အထီးကျန်၏။ အသက်မွေးရန် မတတ်နိုင်၍ အရှင်၏ အစွယ်ပိုင်းကို တောင်းပါ၏။ အကယ်၍ ပေးလျှင် ရောင်းပြီး အသက်မွေးပါအံ့”ဟု ဆို၏။
“အချင်းယောက်ျား၊ ထိုသို့ လာခြင်းသည် ကောင်းသောလာခြင်း ဖြစ်စေ။ သင့်အား အစွယ်ကို ပေးအံ့”ဟုဆို၍ ဘုရားလောင်းသည် ဦးခေါင်းကို ညွှတ်၍ပေး၏။ မုဆိုးလည်း ဦးကင်းသို့တက်၍ အစွယ်နှစ်ချောင်းကို အသင့်ယူဆောင်လာသောလွှဖြင့် ဖြတ်၏။
မုဆိုးသည် ဆင်စွယ်ကို ယူသွားပြီးရောင်းစား၏။ ကုန်သော် တဖန် ဆင်မင်းထံ ပြန်သွားပြီး “အရှင်၊ အရှင်၏အစွယ်ရောင်း၍ ရသောအဖိုးသည် ကြွေးမြီးဆပ်၍ ပြေရုံသာဖြစ်၏။ ကြွင်းသော အစွယ်ကို ပေးပါဦး”ဟု တောင်းပြန်၏။
ဘုရားလောင်းသည် “ကောင်းပြီ”ဟု ဝန်ခံ၍ ရှေးနည်းဖြင့်သာ ဖြတ်၍ ကြွင်းသောအစွယ်ကို လှူ၏။
ထိုမုဆိုးသည် ထိုအစွယ်ကိုလည်း ရောင်း၍ တဖန်ပြန်လာပြီး “အရှင်၊ အကျွန်ုပ်သည် အသက်မွေးရန် မတတ်နိုင်။ အစွယ်ရင်းတို့ကို ပေးပါဦး”ဟု တောင်းပြန်၏။
ဘုရားလောင်းသည် ကောင်းပြီဟု ဝန်ခံ၍ ရှေးနည်းအတိုင်းပင် အဖြတ်ခံ၏။ မုဆိုးသည် ဘုရားလောင်း၏နှာမောင်းကို နင်းလျက် ဦးကင်ပေါ်သို့ တက်ပြီး နှုတ်သီးစွန်း နှစ်ဖက်တို့ကို ဖနောင့်ဖြင့်ဖွင့်၍ အစွယ်ရင်းကို ဖြတ်၏။ ခဏကြာလျှင် မုဆိုးသည် ဘုရားလောင်း၏ ဦးကင်းထက်မှ လွင့်စင်ကျသွား၏။ မြေကြီးသည် မုဆိုး၏ကျေးဇူးမဲ့အစုကို ဆောင်ရန် မတတ်နိုင် သကဲ့သို့ နှစ်ဖြာကွဲသွား၏။ ထိုခဏ၌ပင် အဝီစိငရဲမီးလျှံတို့သည် ထွက်လက်ကုန်၍ ထိုမုဆိုးကို ကမ္ဗလာဖြင့် ရုံသကဲ့င၏သို့ ရစ်ပတ်၍ယူ၏။
ထိုအခါ ရုက္ခစိုးနတ်က “ကျေးဇူးကို မသိတတ်သော အမြဲ ဆီလိုအပေါက်ရှာလေ့ရှိသော ယောက်ျားအား မြေတပြင်လုံးကို ပေးသော်လည်း ရောင့်ရဲစေရန် မတတ်နိုင်ပါ”ဟု ပြောပြ၏။
✌မဟာသုတကာရီ လမ်းညွှန်နီတိ✌
ပျော်ရွှင်ချမ်းမြေ့ပါစေ

No comments:
Post a Comment