Saturday, June 4, 2016

မိန်းမိသောကျား


မိန်းမိသောကျား

         ရှေးသောအခါ ပစ္စန္တရွာ၌ မောင်ပိုဟူသော ယောက်ျားတစ်ယောက်သည် ကျားတစ်စီးနှင့် အဆွေခင်ပွန်းဖြစ်၏။ ကျားသည် ရွာသို့ဝင်၍ အစာရှာလေသော် လူတို့ ထောင်ထားသော မိန်း၌ မိလေ၏။ ခုနစ်ရက်တိုင်အောင် အစာမစားရဘဲ မိန်းထဲ၌ နေရ၏။ အဆွေဖြစ်သော မောင်ပိုလာလျှင် မိန်းကိုဖွင့်၍ လွှတ်၏။
         ကျားသည် မိန်းမှလွတ်သော် မောင်ပိုကိုဆွဲ၍ “အဆွေ မောင်ပို ငါကား ရေစာ ငတ်မွတ်လှ၏။ သင့်အသားကို စားမှ ချမ်းသာတော့မည်”ဟု ဆို၏။
         မောင်ပိုကလည်း “အဆွေကျား သင့်ကိုကယ်သော ငါ့အား သင်မစားထိုက်၊ စားလိုသော် တရားဆိုကြဦးအံ့။ သူများက စားထိုက်သည်ဆိုလျှင် စားပါတော့”ဟု ဆို၍ အယူခံရန်သွားကြ၏။
         ခရီးလမ်းမ၌ နွားခေါင်းရိုးတစ်ခုကို တွေ့၍ ထိုခေါင်း၏ထံ၌ ဆုံးဖြတ်ခံကြ၏။ နွားခေါင်းရိုးက “လူတို့ကိုကား စားထိုက်၏။ အကြောင်းကား ငါတို့သည် မြက်ကိုစား၍ လူ၏ အစီးအပွားကို ဆောင်ရွက်ပါလျက် ငါတို့ကို သတ်စားပြီးလျှင် ငါ့ခေါင်းရိုးကို ဤ၌ ပစ်ထား၏။ ထို့ကြောင့် လူထက်ယုတ်သောသူ မရှိ၊ ကျေးဇူးကို မသိတတ်၊ သို့ဖြစ်၍ စားကောင်းပေသည်”ဟု ဆို၏။
         ထိုစကားကိုကြားလျှင် ကျားလည်း စားမည်ပြု၏။ မောင်ပိုက ခုံတစ်ယောက် ပြောင်းဦးမည်ဆို၍ သွားကြပြန်သော် ညောင်ပင်ကိုတွေ့၍ ထိုညောင်ပင်၏ထံ၌ ဆုံးဖြတ်ခံကြ၏။ ညောင်ပင်က “လူတို့သည် သစ်ပင်၌ အရိပ်လည်းခိုသည်၊ အရွက်-အသီးကိုလည်း စားသည်၊ အိပ်ရာ နေရာလည်း ပြုသည်။ သို့ပါလျက် သစ်ပင်သစ်ကိုင်းကို ခုတ်ပြန်သည်။ ထို့ကြောင့် လူသည် ကျေးဇူးမသိတတ်၊ အလွန်ဆိုးသွမ်းရကား စားထိုက်၏။”ဟု ဆို၏။
         သို့ကြောင့် ကျားသည် စားမည်ပြုပြန်သော် မောင်ပိုက ခုံတစ်ယောက် ပြောင်းပါရစေဦးဆို၍ သွားကြပြန်ရာ ယုန်၏ထံသို့ ရောက်ကြ၏။ ထိုအခါ ယုန်က “ကျားသည် မရင်းဖြစ်သောမိန်း၌ ဘယ်သို့ နေရသနည်း။ ငါ့ကို ဝင်၍ ပြပါ။ မောင်ပိုကလည်း မိန်းကို ပိတ်မြဲပိတ်စမ်းပါ။ ငါကြည့်ဦးမည်”ဟု ဆို၏။
         ထိုအခါ ကျားသည် မိန်းထဲဝင်ပြ၍ မောင်ပိုကလည်း ပိတ်မြဲပိတ်ရ၏။ ထို့နောက် ယုန်က “အဆွေကျား သင်သည် သူ၏ကျေးဇူးကို မသိတတ်သူဖြစ်သည်။ သို့ကြောင့် မိန်းထဲတွင် နေမြဲနေပါ၊ မောင်ပိုကလည်း ကိုယ်၏ အိမ်ယာ၌သာ နေမြဲနေပါ”ဟု ဆုံးဖြတ်ပေးလိုက်လေသည်။


❄မဟာသုတကာရီ လမ်းညွှန်နီတိ✈
ပျော်ရွှင်ချမ်းမြေ့ပါစေ

No comments:

Post a Comment