Tuesday, June 7, 2016

ဂုံးသမား



ဂုံးသမား

ယွင်းချွတ်ကျင့်မူ၊ ထိုဂုံးလူထက်
ခိုးသူနှင့်စုန်း၊ ချင့်နှုန်းဌာန
နေရာချ၍၊ မ,စ-စောင့်ရှောက်
ချီးမြှောက်သဖြင့်၊ ထားသော်သင့်၏။
ယခင်လူမျိုး၊ ကျင့်ဆိုးလွန်းစွာ
ယုတ်မာသဘော၊ ချောလျောတတ်သူ
လူမကောင်းကား၊ ဥကေ္ခာင်းကိုဖြတ်
သတ်၍ပြီးလျက်၊ အုန်းသီးဖြစ်အောင်
ဂုံးတိုက်ဆောင်ဟု၊ လူ့ဘောင်ရှေးက
ပေါရာဏသို့၊ ပြောကြပုံသေ
ထင်ရှားပေ၏။


         ရှေးသောအခါ ဒွါရာဝတီပြည်၌ မဟာကံသမင်းကြီး မင်းပြု၏။ တစ်ရံသောအခါ ဂင်္ဂါမြစ်အညာ၌နေသော တိုင်းနိုင်ငံမှ မင်းသည် ခိုးသူတစ်ဦး,စုန်းမတစ်ဦးနှင့် ဂုံးသမားတစ်ဦးကို ဖောင်ဖွဲ့ပြီး မျှောလိုက်၏။ ထိုသုံးယောက်တို့သည် ဒွါရာဝတီဆိပ်ကမ်းသို့ ရောက်လာရာ မင်းကြီးသည် မေးစီစစ်ပြီး ခိုးသူနှင့် စုန်းမကို နောင်အခါ မခိုးမဝှက် မဖမ်းစားစေရန် လုံလောက်စွာပေး၍ မိမိနိုင်ငံမှာပင်နေစေ၏။
         ဂုံးသမားကိုကား အရှင်ထား၍မလျော်၊ သေစေမှ သင့်မည်ဟု ဆိုသောကြောင့် လက်မရွံ့တို့သည် ထုတ်၍သတ်ကြ၏။ သတ်ပြီးနောက်တစ်နေ့၌ မင်းချင်းတစ်ယောက်ကို သွား၍ကြည့်ချေဟု စေသောကြောင့် သွား၍ကြည့်သော် ဂုံးသမားအကောင်က ခေါင်းထောင်၍ ဟယ်-ယောက်ဖ နင်တို့မင်းကြီး ငါ့ကိုကြောက်လျှင် ငါ့ထံသို့ လာခဲ့စေ၊ မလာလျှင် ငါလာ၍ ယူမည် ပြောလိုက်ဘိဟု ဆို၏။
         မင်းချင်းယောကျ်ားလည်း ထိုစကားကို မင်းကြီးအား လျှောက်တင်သော် မင်းကြီးက လူသေစကားဆိုသည်ကို ငါမကြားဘူး၊ ဤက လူနှစ်ယောက် ခေါ်၍သွားချေဟု စေပြန်၏။
         အဖော်နှင့်လာသောအခါ ဂုံးသမား စကားမဆိုဘဲ ငြိမ်သက်စွာနေ၏။ ထိုသူတို့ပြန်၍ မင်းကြီးအား စကားမဆိုကြောင်းကို လျှောက်လျှင် အရင်သွားသော မင်းချင်းအား နင်သည် ငါ့ကို ချောက်၍ လျှောက်ရာသလောဟု သတ်စေပြန်၏။ သေဖော်ရသောအခါမှ ဂုံးသမားအကောင်က ခေါင်းထောင်၍ ဘယ့်နှယ်ရှိစဟု ဆိုပြန်၏။
         ဤအကြောင်းကို မင်းကြီးအား လျှောက်ကြားသော် ချင့်အကောင်ကို လူမြင်အောင်ထား၍ မသင့်၊ မြေမြှုပ်ပေတော့ဟု အမိန့်ပေး၍ မြှုပ်ရ၏။ ထိုမြှုပ်ရာမှ သစ်ပင်ပေါက်လာသော် ဂုံးပင်ဟု ခေါ်ကြ၏။ ကာလရှည်လျား၍ ယခုအခါမွ အုန်းပင်ဟု ခေါ်ကြလေသည်။


မဟာသုတကာရီ လမ်းညွှန်နီတိ


 
ပျော်ရွှင်ပါစေ






No comments:

Post a Comment