- "မြေခွေးလောဘ"
- သားတစ်ကိုက်ကာ၊ ရေမှာကူးဘိ
- မိမိရိပ်သွင်၊ မြင်လျှင်ငပ်ငပ်
- လောဘတပ်ပြီး၊ လိုက်ဟပ်တုံလျှင်း
- နှုတ်ခံတွင်းက၊ ကိုက်ရင်းသားတစ်
- စင်စစ်လွတ်ထ၊ ရေတွင်ကျ၍
- မရလက်ချည်း၊ ဝမ်းနည်းမှိုင်ကာ
- နေရစွာသား၊ လိမ္မာမဲ့လစ်
- မြေခွေးညစ်သို့၊ စင်စစ်ယုတ်မာ
- ဤလူ့ရွာ၌၊ မဟိစ္ဆာဆိုး
- လောဘမျိုးကား၊ အကျိုးမပြီး
- အချည်းနှီးသည်၊ ပျက်စီးလက်မဲ့
- လက်ခါတည်း။ ။ (၂၄၇)
ရှေးအခါက မြေခွေးတစ်ကောင်သည် တောစပ်နားရှိ အိမ်တစ်အိမ်သို့ နောက်ဖေးမှ အမှတ်မထင်ဝင်ကာ အမဲသားတစ်ကို ချီပြီး ပြေး၏။ တံတားတစ်ခုသို့ရောက်၍ တံတားပေါ်ဖြတ်ကျော်လာရာ ရေထဲတွင် မိမိအရိပ်ကို အမဲတုံး ချီလာသော အခြားမြေခွေးတစ်ကောင်ဟု ထင်မှတ်၍ လုယူရန်ခုန်အုပ်လိုက်၏။ ထိုအခါ မိမိချီလာသော အမဲတုံးလည်း ရေထဲကျကာ ပျောက်ဆုံးသွားပြီး ကိုယ်တိုင်လည်း ရေထဲမှ အနိုင်တက်ခဲ့ရ၏။
သတ္တဝါတို့မှာ ဣစ္ဆာဟူသော အလိုဆန္ဒ ရှိကြမြဲဖြစ်၏။ သို့သော်လည်း အချို့သော သတ္တဝါတို့ကား အလိုဆန္ဒ လွန်ကဲ၏။ လွန်ကဲသော အလိုဆန္ဒကို မဟာဣစ္ဆာ = မဟိစ္ဆာဟု ခေါ်၏။ စင်စစ် လောဘကြီးခြင်းပေတည်း။ လိုသည်ထက်ပိုပြီး လောဘကြီးသော မဟိစ္ဆာမျိုး မဖြစ်စေရန် မွန်မြတ်သောသူတို့ စောင့်ထိန်းကြသည်။ သူယုတ်တို့မှာသာ ဤအလိုဆိုးမျိုးရှိတတ်ကြ၏။
မဟာသုတကာရီ လမ်းညွှန်နီတိ
No comments:
Post a Comment