Monday, June 1, 2015

အမွေခံမြွေ

အမွေခံမြွေ
လောကုပဒေ ၊ အမွေဟူငြား
သားချင်းများတို့ ၊ မွေစားမစုံ
မွေပုံမပြီး ၊ အတီးမသွေ
ရှေးလွန်လေက ၊ သန္ဓေအဟိတ်
ဈန်မဂ်ပိတ်လည်း ၊ မဆိတ်မွေစု
မြွေထုံးရှုလော့ ။ (၃၇၉)
ရှေးသောအခါ ဗာရာဏသီပြည်၌ သူဌေးတယောက်၏ မယားသည် ယောက်ျားငါးယောက် ၊ မိန်းကလေးတယောက်နှင့် ထို့နောက် လူကားမမွေး မြွေမွေး၏။ အမိအဖတို့သည် ရှက်ကြောက်သည်ဖြစ်၍ သေခဲ့သည်ဆိုကာ အိမ်ခြံရင်းနားတွင် ထူးတွင်းပြု၍ ထား၏။ ကြာသော် မြွေသည် ထွန်တုံးလောက်ရှိ၏။
သူဌေးလင်မယားသည်သေခဲ့၍ ထိုသားသ္မီးခြောက်ယောက်တို့သည် အမိအဖတို့၏ အမွေကို ခြောက်စုစု၍ ဝေကြ၏။ မြွေလည်း အမွေဝေရာသို့လာ၍ ခြောက်စုစုသည်ကို အမြီးနှင့်သိမ်း၍ ဖျက်ပစ်၏။ အကြိမ်များစွာ ပြုလက်မူ အကိုကြီးသည် ဗာရာဏသီမင်းထံသွား၍ လျှောက်ကြား၏။
မင်းလည်း မြွေ၏ ဇာစ်မြစ်ကိုစစ်မေးပြီးလျှင် "ထိုသို့ တပြီးကား မြွေလည်း သားပင် ဖြစ်သောကြောင့် မြွေ၏ အဘို့လည်း တစုပါလေ"ဟု ဆို၏။ မြွေ၏အဘို့နှင့် ခုနစ်စု စုသောအခါ မြွေသည် မိမိအဘို့ကို အမြီးနှင့်သိမ်း၍ နှစ်မအထွေးသို့ ပေါင်းပေးပြီးလျှင် မိမိနေရာသို့ ပြန်သွားလေ၏။
တိရစ္ဆာန် ဖြစ်စေကာမူ တမိတဖဖြစ်သောကြောင့် မိဘတို့၏ အမွေဥစ္စာကို ထပ်တူထပ်မျှ စားရ၏။ သို့ကြောင့် သားချင်းတို့သည် ယုတ်မြတ် ဖြစ်ကြစေကာမူ မိဘတို့၏ အမွေဥစ္စာ အတူအမျှလျှင် ဝေစေကုန်ရာ၏။ မိဘတို့၏ အမွေဥစ္စာကို သားသ္မီးတို့သာလျှင် ရရာ၏။ အဖိုး၊ အဖေး၊ ဖထွေး၊ မိကြီး၊ မိထွေး၊ အဖွားတို့ မစားရကုန်။
(မဟာသုတကာရီ လမ်းညွှန်နီတိ)မှ မျှဝေသည်


No comments:

Post a Comment